-1
  • Forum > Speech of Aung San Su Kyi (Part I)
  • Display Mode:

2/10/2008 7:25 PM Speech of Aung San Su Kyi (Part I) (0 Comment)

htetsukyi

Speech of Aung San Su Kyi (Part I)

ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ၏ မှတ်သားဖွယ်ရာ မိန့်ခွန်းများ...........

ဒီမိုကရေစီ စနစ်မှာ အမတ်လုပ်ချင်သူတွေဟာ အပင်ပန်း အဆင်းရဲ ခံနိုင်ရမယ်။ အစွမ်းကုန် အလုပ်လုပ်ရမယ်။ ကိုယ်ကျိုးမငဲ့ဘဲ အများအကျိုးကို ပီပီပြင်ပြင် ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ရမယ်
(မြတောင်း ကျောင်းတိုက်၊ မန္တလေး ၆-၁၁-၈၈)
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံရေး အသိအမြင်ဆိုတာ လူမှုရေး အသိအမြင်ပဲ ဖြစ်ပါတယ်။ ကိုယ်ဟာ အိမ်နီးနားချင်း တယောက် ပီသလို့ ရှိရင် တဖြေးဖြေးနဲ့ လူမှုရေးကနေ စပြီးတော့ နိုင်ငံရေးသမားကောင်းတစ်ယောက် ပီသနေမှာပဲလို့ ကျမမြင်ပါတယ်။
(မြောက်ဥက္ကလာပမြို့နယ်၊ ၁၀-၁၂-၈၈)
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်

ဒီမိုကရေစီစနစ်ဆိုတာ လူတိုင်းတယောက်နဲ့ တယောက် လေးစားတဲ့ စနစ်ပါပဲ
(မြောက်ဥက္ကလာပမြို့နယ်၊ ၁၀-၁၂-၈၈)
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထူထောင်ခဲ့တာဟာ ပြည်သူလူထုလိုချင်တဲ့ ဒီမိုကရေစီ လှုပ်ရှားမှု အောင်မြင်ရေးအတွက် ထူထောင်ခဲ့တာပဲ ဖြစ်တယ်။ ပြည်သူလူထုနဲ့ ကျမတို့ တစည်းတရုံးထဲ မလုပ်နိုင်လို့ရှိရင် ကျမတို့ အဖွဲ့ချုပ်ကြီးဟာ ဖျက်ဖို့ပဲ ရှိတော့တယ်။ အဲဒီတော့ အဖွဲ့ဝင်များဟာ ပြည်သူလူထုရဲ့ သဘောထားကို နားလည်ရမယ်။ ပြည်သူလူထုရဲ့ သဘောအတိုင်း လုပ်ရမယ်။
(အဖွဲ့ချုပ်ရုံး၊ သထုံမြို့ ၁၄-၁၂-၈၈)
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်

လူ့အခွင့်အရေးဆိုတာ လူတိုင်း ပိုင်ဆိုင်ခွင့်ရှိတယ်။ ကိုယ်တင်မဟုတ်ဘူး၊ ကိုယ့်ရန်သူများပင်လျှင် လူ့အခွင့်အရေး ရှိရမယ်။ အဲဒီတော့ တနေ့ ကျမတို့ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီး အောင်မြင်သွားတဲ့ အခါကျရင် ရှုံးတဲ့လူတွေဟာ သူတို့အခွင့်အရေးတွေကို ပြည့်ပြည့်၀၀ ခံစားနိုင်ရမယ်။ ဒါဟာ ကျမတို့ရဲ့ ဒီမိုကရေစီ တာဝန်ဖြစ်တယ်
(အဖွဲ့ချုပ်ရုံး၊ သထုံမြို့ ၁၄-၁၂-၈၈)
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်

မက်လုံးပေးပြီးတော့ စည်းရုံးမှုမျိုးကို ကျမ မလိုချင်ဘူး။ ငါတို့ အစိုးရတက်ရင် ဒါတွေ လုပ်ပေးမယ်ဆိုတဲ့ စည်းရုံးမျိုးတော့ မလုပ်ကြပါနဲ့
(အဖွဲ့ချုပ်ရုံး၊ သထုံမြို့ ၁၄-၁၂-၈၈)
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်

ဒီမိုကရေစီစနစ် ထူထောင်တဲ့ အခါကျရင် ကျောင်းတိုင်းကျောင်းတိုင်းမှာ ကိုယ်တိုင်းပြည်မှာ ရှိတဲ့ ဘာသာထဲက အနည်းဆုံး ဘာသာနှစ်ရပ်ကို လူတိုင်းလူတိုင်း သင်မယ်။ ဗမာနဲ့ ရှမ်းဖြစ်ဖြစ်၊ ဗမာနဲ့ ကရင်ဖြစ်ဖြစ်၊ ဗမာနဲ့ မွန်ဖြစ်ဖြစ် သင်သင့်တယ်
(အဖွဲ့ချုပ်ရုံး၊ ကျိုက်ထိုမြို့ ၁၄-၁၂-၈၈)
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်

မွန်၊ ဗမာ၊ ကရင်၊ ကချင်၊ ရှမ်း စသည်ဖြင့် ခွဲခြားပြီး မတွေးပါနဲ့။ ငါတို့အားလုံးဟာ ပြည်ထောင်စုတိုင်းရင်းသားများ ဖြစ်တယ်ဆိုပြီးတော့ စိတ်ထဲမှာ ထားပြီး အတူတူလုပ်သွားစေချင်တယ်။ ဒီမိုကရေစီ နိုင်ငံတခု ဖြစ်သွာတယ်ဆိုလို့ရှိရင် တိုင်းရင်းသားလူမျိုးအားလုံးရဲ့ အခွင့်အရေးများကို ကျမတို့ ပြည့်ပြည့်စုံစုံပေးချင်တယ်။ တိုင်းရင်းသားလူမျိုးများရဲ့ ဘာသာရေး၊ ယဉ်ကျေးမှု စသည်ဖြင့် ကျမတို့ အားပေးချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အများအတွေးအခေါ်၊ အများယဉ်ကျေးမှုတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံကြီးဟာ ဘယ်သူတွေရဲ့ အတွေးအခေါ်နဲ့ ဘယ်သူတွေရဲ့ ယဉ်ကျေးမှုနဲ့ တည်ဆောက်ခဲ့တဲ့ နိုင်ငံကြီးထက် အများကြီး ခိုင်ခံ့လာပေမယ်၊ အများကြီးလည်း တိုးတက်နိုင်မယ်၊ အများကြီးလည်း ကျမတို့အတွက် အဖိုးတန်နိုင်မယ်လို့ ယုံကြည်ပါတယ်။
(အဖွဲ့ချုပ်ရုံး၊ ကျိုက်ထိုမြို့ ၁၄-၁၂-၈၈)
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်

ကျမတို့ဟာ ကျမတို့ရဲ့ နိုင်ငံထဲမှာ အကျဉ်းသားဖြစ်နေရတယ်ဆိုတာ ကမ္ဘာက သိစေချင်တယ်
(၂၀-၇-၈၉)
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်

ကျမ ဒီနေ့က စပြီးတော့ ပြည်သူလူထုနဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံပါရစေ။ ကျမ နိုင်ငံခြားမှာ နေခဲ့တယ်ဆိုတာလည်း မှန်ပါတယ်။နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျတယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမဲ့ ဒါလေးအတွက်နဲ့ ကျမ တိုင်းပြည်အပေါ်မှာထားတဲ့ မေတ္တာဟာ ဘယ်လိုမှ ကျဆင်း မသွားနိုင်ပါဘူး
(ရွှေတိဂုံစေတီအနောက်ဘက်မုခ် လူထုအစည်းအဝေးပွဲကြီး ၂၆-၈-၈၈)
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံရေးလောကနဲ့ ဝေးဝေးကင်းကင်း နေခဲ့ချင်ပါတယ်။ အဲ့ဒီလို ဝေးဝေးကင်းကင်း နေချင်ခဲ့လျက်သားနဲ့ အခုမှ ဘာဖြစ်လို့ ဒီအရေးအခင်းမှာ ၀င်ပါနေသလဲလို့ မေးစရာရှိပါတယ်။ အဲဒီဟာကတော့ ဒီအရေးအခင်းဟာ တတိုင်းပြည်လုံးနဲ့ ဆိုင်တဲ့အရေးအခင်းဖြစ်ပါတယ်။ ကျမမှာလည်း ဖေ့ဖေ့ရဲ့ သမီးလုပ်နေပြီးတော့ ခေါင်းရှောင်ပြီးတော့ နေလို့ မဖြစ်တော့ဘူး။ ဒီအရေးခင်းကြီးဟာ တကယ်တော့ ဒုတိယလွတ်လပ်ရေးတိုက်ပွဲကြီးလို့ ခေါ်ရင်လည်း ဖြစ်ပါတယ်
(ရွှေတိဂုံစေတီအနောက်ဘက်မုခ် လူထုအစည်းအဝေးပွဲကြီး ၂၆-၈-၈၈)
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်

ကျမဟာ ကျမအဖေရဲ့ အစဉ်အလာအတိုင်း ဒီမိုကရေစီ တိုက်ပွဲကို ၀င်လို့နွှဲခဲ့ရပါတယ်။ အဲဒီတော့ ဒီမိုကရေစီရဖို့ရန် ပြည်သူလူထုအားလုံး စည်းလုံးညီညွတ်ဖို့ လိုပါတယ်။ ညီညွတ်ရင် ဘာမဆို ဖြစ်နိုင်ပါတယ်။
(ရွှေတိဂုံစေတီအနောက်ဘက်မုခ် လူထုအစည်းအဝေးပွဲကြီး ၂၆-၈-၈၈)
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်

လှုပ်ရှားမှုကြီးကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေနဲ့ ပတ်သက်လို့ ကျမပြောစရာလေးတွေရှိပါတယ်။ ကျောင်းသားလူငယ်များဟာ အင်မတန်မှ တော်ပါတယ်။ သူတို့ရဲ့ လက်ရုန်းရည်ကိုလည်း ပြပြီးပါပြီ။ အခုလည်း ဆက်ပြီးတော့ သူတို့ရဲ့ နှလုံးရည်ကို ပြမယ်ဆိုတာ ကျမ ယုံကြည်ပါတယ်
(ရွှေတိဂုံစေတီအနောက်ဘက်မုခ် လူထုအစည်းအဝေးပွဲကြီး ၂၆-၈-၈၈)
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်

အစိုးရဆိုတာ ပြည်သူလူထုဆန္ဒနဲ့ ကိုက်ညီမယ့် တိုင်းပြည်အကျိုးကို ဆောင်ရွက်ဖို့ အချိန်ကန့်သက် စေခိုင်းထားတဲ့ သစ္စာအရှိဆုံး ပြည်သူ့ဝန်ထမ်းပဲဖြစ်ရမယ်
(အဖွဲ့ချုပ်ရုံး၊ နတ်မောက်မြို့ ၁-၁၁-၈၈)
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်

အဖွဲ့ချုပ် ရည်ရွယ်ချက်ကိုကလည်း ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့ သက်သက်မှ မဟုတ်ဘဲ။ ၁၈ ရက် စက်တင်ဘာ စစ်အဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ပြန့်ကြဲသွားတဲ့ ဒီမိုကရေစီ အင်အားတွေကို တစုတရုန်းတည်းဖြစ်အောင် စုစည်းပြီး၊ အဲ့ဒီစုစည်းထားတဲ့ အင်အားတွေကို စနစ်တကျဖြစ်အောင် ပေါင်းပြီးတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်မယ့် အခြေအနေမျိုးကို ဖန်တီးပေးဖို့ပါပဲ။
(အဖွဲ့ချုပ်ရုံး၊ ပုဂံမြို့ ၂-၁၁-၈၈)
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်

မြန်မာမင်းတွေထဲမှာ ကျန်စစ်သားနဲ့ ဘုရင့်နောင်ဟာ သိပ်ချီးကျုးဖို့ကောင်းတယ်။ သူတို့နှစ်ယောက်စလုံးဟာ ကျန်စစ်သားဆိုရင် အနော်ရထာ၊ ဘုရင့်နောင်ဆိုရင် တပင်ရွှေထီးကို ပုန်ကန်ခြားနားနိုင်တဲ့ အရည်အချင်းရှိတယ်။ ဒါပေမဲ့ ကျန်စစ်သားရော ၊ ဘုရင့်နောင်ပါ သစ္စာရှိကြပါတယ်။ လူတော်တယောက်၊ အရည်အချင်းရှိတဲ့ လူတယောက်ဟာ သစ္စာရှိဖို့ သိပ်အရေးကြီးတယ်
(အဖွဲ့ချုပ်ရုံး၊ ပုဂံမြို့ ၂-၁၁-၈၈)
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်

စစ်ရှုံးပြီးစ ဂျပန်ဘုရင်ပြောခဲ့တဲ့ စကားတခု ရှိပါတယ်။ ကျုပ်တို့ဟာ မခံနိုင်တဲ့ ကိစ္စတွေကို ခံနိုင်ရည်ရှိအောင် လုပ်ရမယ်။ မဖြစ်နိုင်တဲ့ ကိစ္စတွေကို ဖြစ်နိုင်အောင်လုပ်နိုင်တဲ့ အရည်အချင်းရှိရမယ်တဲ့။ အဲ့ဒီလိုပဲ ကျမတို့ ပြည်သူလူထုကလည်း ဒုက္ခဆင်းရဲခံပြီး ဇွဲရှိရှိ၊ သတ္တိရှိရှိနဲ့ မဖြစ်မနေ ကြိုးစားလုပ်ဆောင်ကြမယ်ဆိုရင် ဘာမှ မအောင်မြင်နိုင်စရာ မရှိပါဘူး
(အဖွဲ့ချုပ်ရုံး၊ ကျောက်ပတောင်း ၂-၁၁-၈၈)
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်

အဆိုးဆုံးအစိုးရဆိုတာ ပြည်သူလူထု ရွံရှာမုန်းတီးတဲ့ အစိုးရ၊ ဒီထက် နဲနဲကောင်းတာက ပြည်သူလူထုက ကြောက်တဲ့ အစိုးရ၊ ဒီထက်ပိုပြီးကောင်းတာက ပြည်သူလူထု ချီးမွန်းတဲ့ အစိုးရ၊ အကောင်းဆုံးကတော့ ပြည်သူလူထုက ရှိမှန်းတောင် မသိတဲ့ အစိုးရတဲ့။ ကျမတို့ အိမ်တအိမ်မှာ ဆိုလို့ရှိရင် အမေလိုပေါ့။ အမေရှိမှန်းတောင် သတိမထားမိဘူး။ စားချိန်တန် စားမယ်။ ၀တ်ချိန်တန် ၀တ်ရမယ်။ အားလုံး အဆင်သင့်ပဲ။ အဲ့ဒီလို ဖြစ်နေရမယ်။ နားလည်ထားရမယ်။
(အဖွဲ့ချုပ်ရုံး၊ မြင်းခြံ ၃-၁၁-၈၈)
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်

ဒီမိုကရေစီ စနစ်ဆိုတာ လူတိုင်း တယောက်နဲ့ တယောက် လေးစားတဲ့ စနစ်ပါပဲ။
(မြောက်ဥက္ကလာပ မြို့နယ် ၁၀-၁၂-၈၈)
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်

တချို့က ဒီမှာ တမျိုးပြော၊ ဟိုမှာ တမျိုးပြော၊ ဒီမှာ ဒီဟာလုပ်မယ်ပြော၊ ခု ဒီမှာ ဟိုဟာ လုပ်မယ်ပြော၊ စိတ်တွေက ပြောင်းလိုက်၊ အပြောတွေက ပြောင်းလိုက်၊ ဒါတွေကို သူတို့က ဒါ နိုင်ငံရေးပဲလို့ပြောတယ်။ ကျမကတော့ ဒါ နိုင်ငံရေးပဲလို့ နားမလည်ဘူး။ ဒါ ကလိမ်ကကျစ်လုပ်တာပဲလို့ နားလည်တယ်။ ဒီလိုနိုင်ငံရေးတွေကို ကျမတို့ လက်ခံလို့ မဖြစ်ဘူး
(အဖွဲ့ချုပ်ရုံး၊ ပေါင်မြို့ ၁၄-၁၂-၈၈)
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံရေး ပရိယာယ်ဆိုတာ တကယ် သေချာကြည့်လိုက်တော့ ကလိမ်ကကျစ်လုပ်တာချည်းပဲ။ ဒီ နိုင်ငံရေး ပရိယာယ်ဆိုတာလည်း အထင်မကြီးပါနဲ့။ ပရိယာယ်ဆိုတဲ့ စကားလုံးကို ကျမ မကြိုက်ဘူး။ ကိုယ့်ကိုထိပါးလာရင်လည်း ခံနိုင်ရည်ရှိရမယ်။ မှန်မှန်ကန်ကန်ပဲလုပ်ပါ
(အဖွဲ့ချုပ်ရုံး၊ ပေါင်မြို့ ၁၄-၁၂-၈၈)
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်

နောက်တိုင်းပြည်ကောင်းကျိုးအတွက်ဆိုရင် ခုကနေစပြီးတော့ ကျမတို့ လက်ခံမယ့် ခေါင်းဆောင်များဟာ စကားတည်ရမယ်။ စကားမှန်ရမယ်။ အများသဘောကို လိုက်နာရမယ်။ အဲ့ဒီလို ခေါင်းဆောင်မျိုးသာ ကျမတို့ လိုချင်ပါတယ်
(အဖွဲ့ချုပ်ရုံး၊ ပေါင်မြို့ ၁၄-၁၂-၈၈)
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်

ဗမာလူမျိုးများဟာ လူမျိုးစုကြီး ဖြစ်နေလို့ တိုင်းရင်းသားများကို လေးစားပါ။ တိုင်းရင်းသားများရဲ့ ယဉ်ကျေးမှုကို လေးစားပါ။ စိတ်ဝင်စားကြပါ။ လေ့လာကြပါ။ အဲ့ဒီလို တယောက်နဲ့ တယောက်ရဲ့ ယဉ်ကျေးမှု၊ တယောက်နဲ့ တယောက်ရဲ့ ယုံကြည်ချက်များကို လေ့လာနားလည်မှ ကျမတို့အချင်းချင်း တကယ့် သဘောထားတူတွေ အဖြစ်နဲ့ ရနိုင်မှာပါ။
(မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၊ မော်လမြိုင်မြို့)
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်

တိုင်းပြည်တပြည်ကို အုပ်ချုပ်တဲ့ ခေါင်းဆောင်ဟာ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ အုပ်ချုပ်တာပဲ ဖြစ်ရမယ်။ လက်နက်အားကိုးနဲ့ အုပ်ချုပ်တယ်ဆိုတာ မဖြစ်သင့်ဘူးဆိုတာ မွေးကတည်းက ကျမကို သင်ထားတဲ့၊ သိခဲ့တဲ့ သင်ခန်းစာပါပဲ။
(မြို့နယ်အဖွဲ့ချုပ်ရုံး၊ အောက်လမ်မကြီး၊ မော်လမြိုင်မြို့)
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်

မှန်ကန်တဲ့ နိုင်ငံရေး စနစ်မှာ ကျမတိုပ လိုချင်တဲ့ ခေါင်းဆောင်တွေကို ကျမတို့ ဖော်ထုတ်ရမယ်။ လိုချင်တဲ့ပုံ သွင်းရမယ်။ ကိုယ်လိုချင်တဲ့ပုံ ကိုယ်မသွင်းလို့ရှိရင် ခေါင်းဆောင်လုပ်တဲ့သူများက တိုင်းပြည်ကို သူတို့ လိုချင်တဲ့ပုံ သူတို့ သွင်းသွားလိမ့်မယ်။ အဓိပ္ပာယ်က ဘာဖြစ်မလဲဆိုတော့ အာဏာရှင်စနစ်ကြီး ဖြစ်သွားမှာပဲ။
(မြို့နယ်အဖွဲ့ချုပ်ရုံး၊ အောက်လမ်းမကြီး၊ မော်လမြိုင်မြို့)
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်

ဒီ မြန်မာပြည်ကြီးဟာ ဘာဖြစ်လို့ ဒီလောက်တောင်မှ နှစ်ဆယ်ခြောက်နှစ်လုံးလုံး တပါတီအာဏာရှင်စနစ် အောက်မှာ နေခဲ့ရလဲ။ ဘာဖြစ်လို့ ဒီလိုဆင်းရဲ ဒုက္ခတွေကို ခံခဲ့ရသလဲဆိုတာ ကျမစဉ်းစားတယ်။ တခါပြန်ပြီးတော့ စဉ်းစားလို့ရှိရင် ပြည်သူလူထုကြီးက အချင်ချင်း မညီလို့ပဲ။
(မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ သံဖြူဇရပ် ၁၆-၁၂-၈၈)
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်

အစိုးရဟာ မတရားသဖြင့် လုပ်သလား၊ မဟုတ်မမှန်တဲ့ ကိစ္စတွေကို လုပ်သလား။ ကိုယ်မလုပ်ဘဲနဲ့ သူများတွေကို လုပ်ရင်လည်း မခံရဘူး။ ကိုယ့်ရန်သူကိုပင် မတရားလုပ်လို့ရှိရင် မခံရဘူး။ ဒီနေ့ ကိုယ့်ရန်သူကို လုပ်တယ်။ နောက်နေ့ ကိုယ့်ကိုလုပ်ရင် လုပ်လိမ့်မယ်။
(မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ သံဖြူဇရပ် ၁၆-၁၂-၈၈)
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်


(အထက်ပါ စာသားများကို ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ရေးသားထုတ်ဝေထားတဲ့ ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ရေး စာအုပ်မှ ပြန်လည်ကူးယူ ဖော်ပြထားပါသည်)


Post By Htet Su Kyi
Post Your Comment
Subject:
Comment :